မနေ့က ငယ်သူငယ်ချင်းသုံးယောက် ဆုံကြလေတယ်။
စိုးဝင်းဝင်းအေး၊ ပပစန္ဒီ၊ ဖြူအိသိမ်း
ငယ်ငယ်တုန်းက လေးယောက်တွဲခဲ့ကြတာ မနှင်း HninNweWinရှိသေးတယ်။
ငယ်ငယ်ကတည်းက မနှင်းတိုအိမ်မှာဆုံရင် ညအိပ်စကားပြောကြတယ်။ သန်းသန်းချက်ကျွေးသမျှစားကြတယ်။ အန်တီ Khin ThanNwe ဖုတ်ပေးတဲ့ ကိတ်မုန့်စားကြတယ်။ မနှင်းမွေးနေ့ဆို မဉ္ဇူသက္ကခြံမှာ သူငယ်ချင်းတွေအစုံဆုံးပဲ။ သင်္ကြန်ဆို ညအိပ်ပြီး ရေကစားကြတယ်။ သတိရစရာတွေ။
ဝေဝေလို့ခေါ်တဲ့ စိုးဝင်းအေးတို့အိမ် မင်းမနိုင်မှာဆုံရင် သံဈေးသွားမုန့်စားမလား? ဈေးဝယ်မလား? မင်းမနိုင်ထဲက ဝက်သားတုတ်ထိုးဆိုင်ကိုသွား၊ ဝတ်သားတုတ်ထိုးသယ်ကို လက်ထိမယ်ထူထူလှီးဆိုတာမျိုးတွေနဲ့ နောက်ကြတယ်။ ပြီးရင် အပိုတောင်းစားကြတယ်။ အဲဒီကအပြန်ဆိုရင် ကြာဇံချက်ဆိုင်ဝင်မွှေကြပြန်ရော။ အဲ့လိုမှမဟုတ်လို့ကတော့ အစားတလိုင်းဝေဝေ့အိမ်မှာ ငါးနီတူခြောက်ငြုတ်သီးခွဲခြမ်းနဲ့ကြော်ထားတာကို မျှစ်နဲ့ချဉ်ပေါင်ရွက်ချဉ်ရည်ဟင်းနဲ့နယ်၊ ဘေးအိမ်ကမုန့်ဆိုင်ကနေ အာလူးကြော်ဝယ်ပြီး အားရပါးရနယ်စားကြတာ ကောင်းမှကောင်း။ နယ်စားတယ်ဆိုလို့ ကိုယ်ဘာသာနယ်တာမဟုတ်ဘူးနော်။ အဲဒီအချိန်ကတည်းက အတွက်အချက်စီမံတော်တဲ့ ဒေါ်ဝေကနယ်ပေးတာကို ဇွန်းနဲ့အဆင်သင့်စားကြတာ။ :)
ကျောင်းမှာ ထမင်းစားချိန်ဆိုရင် ဝေဝေနဲ့ ပပက ဖေဖေ့အခန်းထဲလိုက်ချင်ကြတာ။ မျက်စိလည်မသွားကြနဲ့နော်။ ရှင်းပြပါမယ်။
ဖေဖေကကိုယ်တွေရဲ့ကျောင်းTTCမှာပဲ ပန်းချီဆရာဆိုတော့ ငယ်ငယ်ကတည်းက မောင်နှမအားလုံး ဖေဖေ့ပန်းချီခန်းမှာ ထမင်းသွားစားရတယ်။ ၈၊ ၉၊ ၁၀တန်းတွေရောက်တော့ ဖေဖေက အိမ်မှာ အလုပ်ရှုပ်သက်သာအောင် B.Ed. Canteenမှာ ထမင်းချိုင့်မှာပေးတယ်။ မနက်ဆိုထမင်းချိုင့် ၅ဆင့်ချိုင့်နဲ့ ကျောင်းကိုလာပို့တယ်။ ညနေဆို အဓိပတိလမ်းအိမ်ကိုစက်ဘီးနဲလာပို့ပေးတယ်။ ဟင်းတွေက ချိုချဉ်ကြော်၊ ကုန်းဘောင်ကြီးကြော်၊ အစိမ်းကြော်၊ ဝက်သားလုံးချိုချဉ်ကြော်လိုမျိုး တရုတ်ထမင်းဟင်းတွေ။ ကိုယ်တွေကလည်း တနေ့တနေ့ အဲဒီဟင်းတွေချည်းပဲဆိုတော့ ငြီးငွေ့လာကြတာ။ သူတို့ကလည်း အိမ်ကချက်တဲ့ဟင်းက ရိုးနေပြီဆိုပြီး တနေ့တနေ့ မနက်ကျောင်းတက်ကတည်းက ဘာဟင်းလာပို့မှာပါလိမ့်ကို ကိုယ်တွေထက် စိတ်ဝင်စားကြတယ်။ ပြီးတော့ ဟင်းလဲစားကြတာပေါ့။ နှစ်ဦးနှစ်ဖက်အဆင်ပြေလို့။ အဲဒီလိုနဲ့ နေ့လည်ထမင်းစားချိန်က ကျမတို့အဖို့ အပျော်ဆုံးအချိန်ဖြစ်ခဲ့ကြတယ်။ PTချိန်ဆိုလည်း ဆယ်တန်းထိ ကြိုးခုန်ကြတာ ရည်းစားထားဖို့၊ တခြားလူစိတ်ဝင်စားဖို့မအား(ထင်တာပြောတာနော်) :)
မနေ့က မေမေ့ကိုဆေးစစ်၊ မျက်စိစစ်၊ passportရုံးသွားပြီး သူတို့နဲ့ နေ့လည်တစ်နာရီမှာဆုံပြီး ပုံထဲကနေရာတွေကို သွားလိုက်ကြတာ ဆရာမကြီး ဒေါ်ဝေရဲ့အစီအစဉ်ပါပဲ။ ဘယ်နားမှာ ဘာရှိလဲ? ဘယ်ဆိုင်ကအရသာရှိလဲဆိုတာကို ရန်ကုန်တမြို့လုံး ကျွမ်းကျင်နှံစပ်တဲ့ သူငယ်ချင်း။ ကျမတို့ အပြင်ကပြန်လာတဲ့သူတွေကို အစားကောင်းကျွေးဖို့ အဲဒီလိုတွေစီစဉ်လေ့ရှိတယ်။ မစားနိုင်တော့ပါဘူးဆိုတာတောင် နောက်ထပ်တဆိုင်ကူးသေးတာ။ ပပကလည်း ဒေါ်ဝေ့နောက်လိုက်နိုင်ပေမဲ့ ကျမသူတို့နှစ်ယောက်ကို အရှုံးပေးပြီး ဒီနေ့ဆေးသောက်လိုက်ရတယ် :(
မနှင်းရေ ပြန်လာရင် သွားကြရအောင်။

၁) ဒေါ်ငွေကြည် ထမင်းဆိုင်မှာ နေ့လည်စာစား
၂) ရန်ကင်း ဒေါ်ထွေးကီးမား
၃) ရန်ကင်းဈေး အကြီးမ ငါးခြောက်ဆိုင်
၎) ရန်ကင်းစင်တာ ဈေးပတ်
၅) လှည်းတန်းဈေး
၆) ဆု ကော်ဖီ
၇) လှည်းတန်းစင်တာ
၈) မြေနီကုန်းရွှေမန်းရုံရှေ့ ဦးလေးကြီး ဝက်သားတုတ်ထိုး
၉) YBS စီး
၁၀) City Mall St. John
၁၁) ဟီးရိုး ဆိတ်စွပ်နံပြား
၁၂) ညဈေးတန်း လင်းလင်းဂဏန်းကော်ကြော်
၁၃) Grabစီး
၁၄) အိမ်ရောက်
မနေ့က နေ့လည် ၁နာရီကနေ ည ၁၀နာရီထိ ခရီးစဉ်
ရေခဲသုတ်စားဖို့ကြိုးစားကြသေးတာ လမ်းပြန်လျှောက်ကြရမှာမို့ လက်လျှော့ပြီးပြန်ခဲ့ကြတာ။












Comments

Popular posts from this blog

ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်များ(၂)

CSR နှင့် အသက်မွေးဝမ်းကြောင်းအတတ်ပညာ

ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်များ(၁)