ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်များ(၁)

မနေ့က ကိုညီလင်းဆက်တင်ထားတဲ့ Note ကိုဖတ်ကြည့်မိရာကနေ ကိုယ်ကြုံတွေ့ခဲ့ရတာလေးတွေကိုလည်း ရေးချင်လာတာနဲ့ comment ရေးမိတာကို ဒီမှာပြန်တင်လိုက်တာပါ။

ရန်ကုန်ပြန်ရောက်တုန်း ဖေဖေသက်သာအောင်ဆိုပြီး ဖေဖေ့ကိုယ်စား ငွေထုတ်ဖို့ ကိုယ်စားလှယ်လွှဲစာလေးယူပြီး ကုန်သည်လမ်းနဲ့ ဆူးလေဘုရားလမ်းထောင့်က ဘဏ်ကိုသွားတယ်။လူနည်းနည်းရှင်းနေတော့ ဒီတခါတော့မြန်ပြီပေါ့လို့ထင်လိုက်မိတယ်။

ကောင်တာနောက်မှာတော့ အားလုံးက ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေကြလေရဲ့။ ထမင်းစုစားတဲ့သူတွေက စား၊ စကားစုပြောနေကြတဲ့သူတွေက ပြော၊ တချို့ကလည်းပျင်းရိပျင်းတွဲနဲ့ ထိုင်ခုံပေါ်မှာထိုင်ပြီးအိပ်ငိုက်နေကြတယ်။ ကိုယ်ဝင်တဲ့ကောင်တာက ၀န်ထမ်းက ကိုယ့်အလှည့်ရောက်မှ ခဏဆိုပြီး မကြားတကြားပြောပြီး ဆပ်ပြာဘူးလေးကိုင်ပြီးထွက်သွားတာ ၁၅မိနစ်ကြာလည်းပေါ်မလာဘူး။ အဲဒါနဲ့ ဘေးကခုံမှာထိုင်ပြီးစကားပြောနေတဲ့တယောက်ကို ဘယ်သွားတာလဲမေးတော့ စိတ်မရှည်တဲ့လေသံနဲ့ " အိမ်သာသွားတက်တာဟေ့။အိမ်သာသွားတက်တာ။ခဏစောင့်"လို့ပြန်ပြောတယ်။"အဲဒါနဲ့ အမလုပ်ပေးလို့မရဘူးလား" လို့ပြောတော့ " ငါ့ကောင်တာမဟုတ်ဘူး။သူလာအောင်စောင့်"ဆိုပြီးအဟောက်ခံလိုက်ရပါလေရော။ စိတ်ထဲကတော့ တော်တော်အောင့်သီးအောင့်သက်ဖြစ်သွားတယ်။ ဘဏ်တခုမှာ ဘဏ်ဝန်ထမ်းက အိမ်ရှင်ဖြစ်ပြီး၊ ငွေလာအပ်တဲ့သူ၊ ထုတ်တဲ့သူက ဧည့်သည်ပဲဆိုတာမေ့နေကြတယ်နဲ့တူတယ်။ ခြေခြေငံငံမဆက်ဆံတဲ့အပြင် ဟောက်နေတာကြီးကအထာမကျဘူး။ နောက်ထပ်၁၅မိနစ်ကြာမှ အိမ်သာသွားတဲ့ မမကပေါ်လာတယ်။ ဒါပေမဲ့ ဆပ်ပြာခွက်သွားထားရင်းနဲ့ အဲဒီနားက စားပွဲမှာ စကားပြောနေသေးတယ်။ ကျမစောင့်နေတာကြာပြီလို့ပြောလိုက်တော့ ဘယ်တတ်နိုင်မလဲ အိမ်သာတက်ချင်တာအောင့်ထားလို့မှမရတာတဲ့။တကယ်ဆိုရင် အိမ်သာသွားမယ်ဆိုတာကို စောင့်နေတဲ့ customer သိအောင်ပြောသွားသင့်တယ်။ ပြီးတော့ ဘေးက၀န်ထမ်းကို လွှဲပေးခဲ့ရမယ်။ ကိစ္စပြီးလျှင်ပြီးချင်း ချက်ချင်း ဆောင်ရွက်ပေးရမယ်။ ခုတော့ ရုံးချိန်အတွင်းမှာ နေချင်သလိုလည်းနေသေးတယ်။ ဧည့်သည်ကိုလည်းဟောက်သေးတယ်။ ကောင်းကြသေးရဲ့လား။ အဲဒီအချိန်မှာဘေးကောင်တာမှာစောင့်နေတဲ့ အမျိုးသမီးတယောက်က ၁၀၀၀ ထုတ်ပေးလိုက်တော့ ခုနကသူ့ကောင်တာမဟုတ်ဘူးလို့ငြင်းတဲ့တယောက်က ချက်ချင်းပဲလိုက်လုပ်ပေးနေတာ ပျာယာကိုခတ်နေတာပဲ။

တခါ ငွေသွားသွင်းတော့ သွင်းမဲ့ပိုက်ဆံတွေကို ကောင်တာပေါ်ကိုတင်လိုက်တာနဲ့ လှမ်းကြည့်ပြီး ပိုက်ဆံတွေက ၅၀၀တန်တွေချည်းပဲ ရေရတာ အချိန်ကြာတော့မှာပဲ။ ကျမတို့ကိုမုန့်ဖိုးတော့ ပေးရမယ်နော်တဲ့။ မနေနိုင်မထိုင်နိုင်ပြောမိလိုက်သေးတယ်။ ဖြစ်နိုင်ရင် ကျမလည်း အလေးခံပြီး ၅၀၀တန်ချည်းပဲ အများကြီးဘယ် သယ်လာချင်ပါ့မလဲ။ အမတို့ ဘဏ်ဝန်ထမ်းရဲ့ အလုပ်က ငွေကို ရေပြီး ထုတ်ပေး သွင်းပေးရတဲ့ အလုပ်မဟုတ်ဘူးလားလို့ပြောတော့ အားလုံးကအလုပ်ရှုပ်နေကြတာတဲ့။ မပေးချင်ပေးချင်နဲ့ ၅၀၀ ထုတ်ပေးတော့ ဒါလေးပဲလားဆိုတဲ့ အကြည့်နဲ့ ကြည့်ပြီးမှ ပိုက်ဆံကို စရေပေးတယ်။ပိုက်ဆံထုတ်ထဲမှာ အပြဲပါလို့ မယူတာရှိသေးတယ်။

တဖက်မှာ အန်တီကြီးတယောက်ကတော့ ပွစိပွစိနဲ့ ဖြစ်နေတာက ပိုက်ဆံ အဟောင်း အစုတ်တွေကို ပြန်လဲဖို့မေးတော့ ဒီမှာလဲလို့မရဘူး။ ဟိုဘက်ကောင်တာမှာသွားလဲရမှာတဲ့။ အဟောင်းကို အလိုက်ပေးပြီးလဲမှ အသစ်ပြန်ရတာတဲ့။ဒါပေမဲ့ ဘဏ်ကထုတ်ပေးလိုက်ရင် အဟောင်းလည်းယူရတာပဲ။ ၅၀၀ တန်လည်းယူရတာပဲလေ။

ဘဏ်သွားတိုင်း မကျေမလည်ဖြစ်ထားတာတွေများလာတာနဲ့ အမြင်ကတ်လို့ အမတို့ ပြီးရင် ဒီအပြင်မှာချိတ်ထားတဲ့ဆိုင်းဘုတ်ကို ပြင်ရေးပြီး

အထဲဖက်မှာ ၀န်ထမ်းတွေအားလုံးမြင်ရအောင် ချိတ်ထားလိုက်ပါလားလို့ ပြောခဲ့မိတယ်။ အားလုံး ဒေါသတွေထွက်ကုန်တယ်။ အပြင်မှာချိတ်ထားတဲ့ဆိုင်းဘုတ်က "တံစိုးလက်ဆောင်ပေးခြင်းဖြင့် ၀န်ထမ်းများ၏ စာရိတ္တကို မဖျက်ဆီးပါရန် မေတ္တာရပ်ခံအပ်ပါသည်။" ပြင်ရေးစေချင်တာတော့ မပြောဖြစ်လိုက်ဘူး။ ၀ိုင်းရိုက်ခံရမှာစိုးလို့။ အဲဒါကတော့" ပြည်သူများ၏စာရိတ္တကို အသပြာယူခြင်းဖြင့်မဖျက်ဆီးပါရန်မေတ္တာရပ်ခံအပ်ပါသည်"လို့။ အဲဒီရဲ့ရလာဒ်ကတော့ နောက်အခါတွေသွားထုတ်တိုင်း တခုမဟုတ်တခုပြသာနာတွေရှာတာခံရတော့တာပါပဲ။ နောက်ဆုံးတော့ ဖေဖေ ငွေအကုန်သာပြန်ထုတ်ထားလိုက်တော့ဆိုပြီး မပြန်ခင် အကုန်ထုတ်ပေးခဲ့ရတော့တယ်။

ရိုးမဘဏ်မှာ ငွေသွားလွှဲတိုင်းကြုံရတာလေးကတော့ ငွေလွှဲသမျှ လူတိုင်းကို ၂၅၊ ၅၀ ကို ပြန်မအမ်းတာထုံးစံလိုဖြစ်နေတယ်။လွှဲမဲ့ငွေနဲ့ ပို့ခတွေကိုတွက်ပြီး Receipt ထွက်လာတော့ ၅၀ စွန်းနေတယ်။အဲဒါနဲ့ ၅၀ပြန်အမ်းတာကိုစောင့်နေတာ ဘာမှပြန်မလာဘူး။ အဲဒီရှေ့မှာ ရပ်စောင့်နေတာကို အနှောက်အယှက်လို ပုံစံမျိုးနဲ့ ကြည့်တာခံလိုက်ရတယ်။ အဲဒါနဲ့ ၅၀ မအမ်းရသေးဘူးလေဆိုတော့ အကြွေမရှိဘူးတဲ့။ ဘဏ်ဖြစ်ပြီး အကြွေမရှိဘူးလားလို့ပြောတော့ မရှိမှမရှိတာတဲ့။ အဲဒါဆို ဘာလို့ ၅၀ စွန်းထားလဲ။ အစကတည်းက အတိတွက်ထားပါလားလို့ ပြောလိုက်မိတယ်။ တယောက်လာတိုင်း ၅၀ စီယူရင် တနေ့တနေ့နည်းမှာမဟုတ်ဘူးလို့။ တခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ် လာတိုင်း ၅၀၊၅၀ နဲ့ ကြာလာတော့ မပေးချင်တော့ဘူး။ အကြွေမရှိတာကို မရှိလို့လို့ မပြောပဲ အကြွေပြန်မအမ်းတာကိုထုံးစံလုပ်တာကိုက မဖြစ်သင့်ပါဘူး။ အဲဒီ ၅၀ က ဘက်စ်ကားတခါစီးလို့ရတယ်လို့ ပြောမိလိုက်တယ်။ အဲဒီတော့မှ ဆောင့်ကြီးအောင့်ကြီးနဲ့ ၅၀ ထုတ်ပေးတယ်။ ရတဲ့လစာနဲ့ မလောက်လို့လုပ်ကြတယ်ဆိုတာကိုနားလည်ပေးလို့ရပေမဲ့ ခံရတဲ့ဘက်ကချည်းပဲ အကြိမ်ရေများလာရင်တော့ သည်းမခံချင်တော့ဘူး။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အဟောက်လည်းခံရသေးတယ်။ အနှုတ်လည်းခံရသေးတယ်။ ပေးလိုက်ရလို့ခြေခြေငံငံဆိုရင်နားလည်ပေးလို့ရဦးမယ်။ တော်တော်များများကတော့ ပြီးပြီးရော ၅၀၊၁၀၀ လေးပဲဟာဆိုပြီး ပေးခဲ့ကြတာပါ။ ဒါပေမဲ့ စဉ်းစားကြည့်လေ။ တကယ့်တကယ်က ၅၀၊၁၀၀ ရလာဖို့ ကို အလုပ်လုပ်မလုပ်ပဲရနိုင်မလား။ အဲဒီလိုရနေတဲ့ လူတွေ ကံကောင်းနေသေးတယ်လို့ထင်တယ်။ဘယ်နိုင်ငံကိုပဲထွက်အလုပ်လုပ်လုပ် အလုပ်စပြီးမလုပ်ရင်ဘာဝင်ငွေမှဝင်မလာနိုင်သလို ထိုင်နေပြီး ငွေမရနိုင်တာ အားလုံးသိကြပါတယ်။ အလုပ်လုပ်ရင်လည်း တာဝန်ကျေအောင်၊ ၀န်ထမ်းတယောက် ပီသစွာ၊ ဆက်ဆံရေးပြေပြေပြစ်ပြစ်နဲ့ အလုပ်ကိုသေချာလုပ်မှရတာပါ။ ဘယ်သူ့ကိုမှ လာဘ်ထိုးဖို့မလိုသလို၊ ပြန်မအမ်းတာလည်းမရှိပါဘူး။ တန်ရာတန်ကြေးအပြင် ဘာမှပေးစရာမလိုပါဘူး။ တန်ရာတန်ကြေးဆိုရာမှာ ၀န်ထမ်းလစာလည်းပါပါတယ်။ အပိုဝင်ငွေတောင်းစရာမလိုအောင်တန်ရာတန်ကြေးလခပေးထားတာပါ။ အဲဒီအချက်ကတော့ကိုယ်တွေဆီမှာ ကံဆိုးပါသေးတယ်။ အဲဒီပေါ်မှာ မူတည်ပြီး အကျင့်ပျက်ကုန်ကြတော့တာပေါ့။ မလောက်ငှလို့ဆိုတာလက်ခံနိုင်ပေမဲ့ အကျင့်ပျက်တဲ့အထိတော့မလုပ်သင့်ဘူးထင်ပါတယ်။စာနာတတ်ရင် နားလည်မှာပါဆိုတာ တကယ်မှန်ပါတယ်။

ဖြူအိသိမ်း

(၁၆.၁၀.၁၀)

Comments

Popular posts from this blog

ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်များ(၂)

CSR နှင့် အသက်မွေးဝမ်းကြောင်းအတတ်ပညာ